Friday, January 27, 2012

ခံစားမိသော တေးတစ်ပုဒ်

ပင်လယ်ကဗွီးပင်ကြီးတွေ လေတိုးတိုင်းယိမ်းနွဲ့လို့နေ.............
စကားပွင့်ဖြူဖြူလေးတွေ မြေနီလမ်းပေါ်ကြဲပြန့်လွင့်ကြွေ ..............
အုံ့ဆိုင်းနေတဲ့မိုး ကောင်းကင် ပြန်လည်ကြည်လင် စ လေးမှာလေ .................
အချစ်ရေ အချစ်ရေ ဟိုတုန်းကသွားခဲ့ကြတဲ့ ကျောင်းနေတုန်းကလျှောက်ခဲ့ကြတဲ့ လမ်းကလေးတွေ မှတ်မိသေးလားမေးပါရစေ ...။

သီချင်းနာမည်က နေရာဟောင်းကိုသတိရတယ်. တေးရေးဆရာကကိုလေးလွင်၊ဆိုတာက(ဒေါ်)မာမာအေး 
ဆိုတာကိုပဲနားထောင်ဖူးတာပါ မူရင်းတေးသံရှင်က အဆိုတော် မိုင်--ဓည၀တီရွှေကြည် နာမည်နဲ့ဆိုခဲ့တဲ့
သီချင်းဆိုတာကို (ဒေါ်)မာမာအေးထံ Massage ပို့ပြီးမေးတော့မှသိရတာပါ....။
သီချင်းက အခြေနေသုံးမျိုးကို စ ပြောပါတယ်၊ လေတိုက်တဲ့အခါယိမ်းထိုးနေတဲ့ ပင်လယ်ကဗွီးပင်ကြီးများ .....
မြေနီနီလမ်း ပေါ် ကြဲပြန့်လွင့်ကြွေနေကြတဲ့ (စံကား) စကားပွင့်များ .....
ရွာတော့မလိုလိုအုံ့ဆိုင်းနေရာက ပြန်လည်ကြည်လင် စ ပြုလာတဲ့ မိုးကောင်းကင် .......
အဲဒီအခြေအနေ အဲဒီဖြစ်ရပ်တွေက ဟိုယခင် ကျောင်းတက်စဉ်ကပါတဲ့
အဲဒါတွေအားလုံးကို သတိရပါလေ စ၊ မှတ်မိပါလေ စ လို့ ချစ်သူကို ဆွေးဆွေးလေးမေးထားတာပါ ။

ကျွန်တော်တို့အညာသားအများစုက ပင်လယ်ကဗွီးပင် မမြင်ဖူးကြဘူး၊တချို့ဆိုသိတောင်မသိကြဘူး
နောက်မှမေးမြန်းကြည့်တော့ထင်းရှုးပင်နဲ့ဆင်ဆင်၊ရွက်တံလုံးချွန်ချွန် ပင်ကြီးမျိုးဆိုတာသိရတယ်။ ဒါပေမဲ့ကိစ္စမရှိပါဘူး လေးတိုးရင်ယိမ်းနေကြတဲ့အပင်ကြီးတွေ ဒီလိုခံစားလို့ရတယ် ။(စံကား)စကားပွင့်မှာက စံကားငါးမျိုးရှိတယ် အ်ပကါကသငကြါါါငကဒီမှာတော့ စံကားဖြူ (တရုတ်စံကား)ကိုပြောတာဖြစ်မယ်
မြေသားနီနီလမ်းမပေါ်မှာမှ သေချာဖြန့်ကြဲထားသလို ပြန့်ကြဲနေတဲ့ အဖြူရောင်စံကားပန်းတွေ ၊ အဲဒီလိုပန်းတွေပြန့်နေတဲ့ မြေနီလမ်းပေါ် နှစ်ယောက်သားအတူတူလျှောက်ကြရင်း ရွာတော့မလို
သိုင်းဝိုင်းအုံ့မှိုင်းလာတဲ့မိုးသားတိမ်ညိုတွေလဲ လေပြင်းပြင်းကဝှေ့ယူသယ်ဆောင်သွားလို့မရွာနိုင်တော့ပဲ ပျက်ပြယ် စ ပြုနေတဲ့ အခြေအနေ။ ရွာတော့မယ့်တိမ်တွေပြယ်သွားလောက်အောင်တိုက်ခတ်နေတဲ့
လေပြင်းပြင်းတွေကြောင့် ပင်လယ်ကဗွီးပင်ကြီးတွေနဲ့အတူ အခြားသောအပင်ကြီး အပင်ငယ်တွေရဲ့
ယိမ်းနွဲ့ဟန် လေတိုးသံတွေ ၊မိုးသက်နံ့နဲ့အတူ လတ်ဆတ်တဲ့လေအေးအေးတွေ စ သဖြင့်
သီချင်းစာသားစီးမျောသွားတဲ့အတိုင်း လိုက်ပါခံစားရစေတယ်။

            နောက်တစ်ခုရှိတာက အဲဒီအခြေအနေတွေအားလုံးဟာ တစ်ရက်ထဲ တစ်ခါထဲဟုတ်ချင်မှ
ဟုတ်မှာပေါ့ ။ အဲဒါတွေနဲ့ခပ်ဆင်ဆင်အခြေအနေလေးတွေ ကျောင်းမှာ အတူတူချစ်ခဲ့ကြစဉ် ကာလတလျှောက် မကြာမကြာကြုံကြရတဲ့အထဲက အမှတ်တရလေးတွေကို
ခြုံပြီးထုတ်ပြောတာလဲဖြစ်နိုင်တာပဲ။

            ဒါက စာသားအတိုင်းတိုက်ရိုက်ခံစားကြည့်တာပါ။နောက်တစ်မျိုးဖြန့်တွေးမိတာက - ပင်လယ်ကဗွီးပင်ကြီးလို ခိုင်ခိုင်မတ်မတ် ရပ်တည်လာခဲ့တဲ့သူ့ဘ၀ဟာ ချစ်သူရဲ့အလှအပ
ပြောဟန်ဆိုဟန်၊အဆောင်အယောင်၊ရင့်ကျက်တည်ငြိမ်ပုံ စ တာတွေရဲ့ တွန်းထိုး တိုက်ခတ်မှုကြောင့်
အလိုက်သင့်လိုက်ပါယိမ်းနွဲ့ ပျော့ပျောင်းခဲ့ရတာများလား ............။
            အများတကာအဆင်ပြေပြေသွားနိုင်ဖို့ မာန်မာနတွေလျှော့ချဖြန့်ခင်ထားတဲ့မြေနီလမ်းလေးလို
သူဘ၀ကို၊ အတူတကွ အနင်းခံ အဖြစ် ဖေးမပြန့်ကြဲပေးပြီး အဖော်မွန်ပန်းပွင့်လေးလိုရပ်တည်ပေးလာတဲ့ ချစ်သူရဲ့ ဖေးမစာနာမှု၊သတ္တိ၊ရဲရင့်မှု စတာတွေကိုပဲ ညွန်းပြတင်စားချင်တာများလား...............။
            ရွာတော့မလိုလိုမိုးက ပြန်ကြည်သွားတယ်ဆိုတာဟာ၊ချစ်သူတို့ဘာသာဘာဝ စိတ်ဆိုး၊စိတ်ကောက် အဖုအထစ်ကလေးတွေဖြစ်ကြလို့ မှိုင်းညို့လာနေတဲ့ချစ်သူ့မျက်နှာလေဟာ၊ သူ့ရဲ့အယုအယ
အချော့မော့ လိုက်လျောမှုချိုချိုလေးတွေကြောင့် ပြေပြောက်ပျက်ပြယ်ပြီး ပြန်လည်အဆင်ပြေကြည်လင်
ခဲ့ရတာကိုများ ပြောပြချင်တာလား.........။
           ဟိုး တစ်ချိန်ကျောင်းနေတုန်း ငယ်ရွယ်နုပျိုစဉ်က လတ်ဆတ်မှုတွေ၊ လင်းလက်စိုပြေမှုတွေ ၊လိုက်လျောကြင်နာမှုတွေ.......နွေးထွေးမှုတွေ .....ကတောက်ကဆဖြစ်ခဲ့တာတွေ .....
အခြားအခြားသောအမှတ်တရတွေ......ဒါတွေအားလုံးကို သတိများမှရပါလေ စ၊ မှတ်ရောမှတ်မိပါသေးရဲ့လား တဲ့ ဆွေးဆွေးလေးမေးနေရှာတော့ လက်ရှိကာလဟာ ဝေးကွာနေတာကြာလှရောပေါ့ ။

               "တိတ်ဆိတ်နေတဲ့ငြိမ်းအေးခြင်းကို ပထမဆုံးခံစားပြီး အတူစကားပြောတဲ့နေရာလေးတွေ.........
အခုနေတစ်ခေါက်ရောက်သွားခြင်လဲ ဆန္ဒပဲရှိတော့တာပဲလေ"
                တိတ်ဆိတ်နေတဲ့ ငြိမ်းအေးခြင်း   တဲ့ဗျာ ပြောတတ်လိုက်တာ။
ရည်းစားဦးလို့ပြောချင်တာထင်တာပါပဲ....
ဒီလိုမဟုတ်ရင်တောင် အင်မတန်လတ်ဆတ်ပြီး အတုအယောင်ဟန်ဆောင်မဟုတ်ခဲ့ဘူးဆိုတာ
သေချာပါတယ်.........။ချစ်ဦးသူတို့သဘာဝ ပထမဆုံးရည်းစားစကား ပြောကြတဲ့အခါ ဒါမှမဟုတ်
အပြောခံကြရတဲ့အခါ လက်ရှိလောကကြီးကိုမေ့၊ပတ်ဝန်းကျင်ကိုမေ့ ရှိန်းဖိန်း ထူပူပြီး လက်နဲ့
ကိုင်မိထားတဲ့အရာလေးတွေဆွဲလိမ်ချိုးဖဲ့ နှလုံးခုန်နှုန်းတွေမြန် အသက်ရှုတွေမြန် စတဲ့ စတဲ့.......ချစ်ဦးသူ
ဘ၀အတွေ့အကြုံကို တိတ် ဆိတ် နေ တဲ့ ငြိမ်း အေး ခြင်း ဒီလိုတင်စားလိုက်တယ်ထင်တာပါပဲ။
                ဒါပေမဲ့ မရတော့ပါဘူး မရနိုင်တော့ပါဘူး တဲ့ ရချင် ရောက်ချင် သွားချင်ပေမယ်လို့ဆန္ဒမျှသာပဲ ရှိတော့တာပါ.......မရနိုင် ရောက်နိုင် မသွားနိုင်တော့ပါဘူး တဲ့။ တစုံတယောက်ကပြန်လည်
ခွင့်ပြုရင်သော်မှ လွယ်မယ်မထင်ပါဘူး၊ပြင်ပလောကမျက်မြင်နေရာဒေသသည်ပင်လျှင်
တခါတခါပြန်ရောက်ဖို့ပြန်ရဖိုခက်ခဲသေးတာ စိတ်ခံစားမှုနဲ့အတူငြိမ်းအေးခဲ့တဲ့နေရာဆိုတော့ ပိုလို့ခက်ပြီပေါ့ ချစ်သူဘ၀ချင်းတူတာတောင်မှ ဒုတိယ တတိယ စတဲ့ နံပါတ်စဉ်ကွာသွားရင် အဲဒီပွိုင့်မျိုး ရဖို့လွယ်မယ်မထင်ပါဘူး၊အချိန်ကာလ ၊နေရာ၊အရွယ် ပတ်ဝန်းကျင်အခြေအနေ စတာတွေအားလုံးက စီးမျောပြောင်းလဲေ၀၀ါးကုန်ကြပြီလေ ပြန်ရဖို့ခက်ခဲလေ ထိရှမှုကပိုပြီး
စူးနစ်လေလေဖြစ်ပြီပေါ့ ပိုလို့ပိုလို့လွမ်းရပြီပေါ့ငယ်ဦးချစ်ရယ်....................။

               "မွေးတော့တနေရာကြီးတော့တနေရာ ဘ၀ခရီးသွားသူငါသာတစ်ယောက်ထဲ  အဖေအမေ ညီ၊အစ်ကို မောင်နှမဆွေမျိုးသားချင်း သူငယ်ချင်းများနဲ့ ဝေးတဲ့မြေ 
မကြွေခင်တစ်ခေါက် အလွမ်းပြေပြန်ရောက်ချင်တယ်"
               သြော် မွေးတော့တနေရာ ကြီးတော့တနေရာတဲ့ --သူသူကိုယ်ကိုယ်တွေရဲ့ဘ၀တွေ ဘ၀တွေဆိုတာ မွေးဖွားရာနဲ့ကြီးပြင်းရာကြီးပြင်းရာနဲ့ကျင်လည်ရာ၊ ကျင်လည်ရာနဲ့နေချင်ရာ တထပ်ထဲကျချင်မှကျတာကို ကိုယ့်အားကိုကိုးရုန်းကန်ရပ်တည်ရတာကိုပဲ "ဘ၀ခရီးသွားသူ
ငါသာတစ်ယောက်ထဲ "လို့ပြောတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...။
               ဘာသာရေးအမြင်မျိုးနဲ့ကြည့်ရင်လဲ မွေးဖွားပြီး စ (ဇာတိ)ကတည်းက ဘ၀တစ်ခုချုပ်ငြိမ်းမှု
(မရဏ)တိုင်အောင်တရစပ်ပြောင်းလဲမှု(ဇရာ)မှာ ပြုမူ ပြောဆို ရှင်သန်ရမှုတွေက ဘယ်လိုမှ
တထပ်ထဲမကျ(ပြန်မရ)နိုင်တော့တာကို "မွေးတော့တနေရာ ကြီးတော့တနေရာ"လို့တင်စားတာ
ဆိုရင် "ဘ၀ခရီးသွားသူငါသာ တစ်ယောက်ထဲ" ဆိုတာ ၊သတ္တ၀ါတိုင်းရဲ့ သံသရာခရီးဟာ
ကုသိုလ်ကောင်းကျိုး၊အကုသိုလ်ဆိုးပြစ်ဝန်ထုပ်တွေကို ကိုယ်စီထမ်းလို့ကိုယ့်လမ်းကို
လျှောက်ကြရတာပါပဲလို့ ပြောချင်တာဖြစ်နိုင်တယ်လို့ နားလည်ကြည့်မယ်ဆို ရနိုင်ကောင်းမယ်ထင်ပါရဲ့..............။
               အခုလိုဖြတ်သန်းကျင်လည်လာခဲ့ရတဲ့ ဘ၀ခရီးမှာမှ၊"အဖေအမေ၊ ညီအစ်ကို၊ မောင်နှမဆွေမျိုးသားချင်း၊ သူငယ်ချင်းများနဲ့ဝေးတဲ့မြေ"
မိဘ ဆွေမျိုး သူငယ်ချင်းတွေရဲ့ချစ်ခြင်းမျိုးနဲ့ချည်နှောင်ဆက်နွှယ်မှုမတူတဲ့ သီးခြားချစ်ခြင်းတမျိုး
ဖြစ်တည်ခဲ့တဲ့နေရာ....ဆွေမျိုး မိဘ သူငယ်ချင်းတွေနဲ့ မတူဝေးကွာတဲ့နေရာ....................။ အဲဒီနေရာလေးကို ပြန်မရောက်နိုင်တော့မှန်းလဲသိပါရဲ့......ဘယ်လိုမှပြန်မရတော့ဘူး
ဆိုတာလဲသိပါရဲ့ ဒါပေမဲ့ မကြွေခင် မသေခင် ဘယ်ကနေဘယ်လိုရလာမှန်းမသိရတဲ့ဘ၀ခရီးတစ်ခု
မဆုံးမီ အလွမ်းပြေပဲဖြစ်ဖြစ် ပြန်ရချင်တာပါပဲဗျာလို့
ညည်းတွား ရေရွတ်ရင်း ကြေကွဲအလွမ်းများဖြင့်.......................။         ။

                                                                                                              အောင်ကောက်

ဆိုတေး နဲ့ ကကွက်

အကောင်းဆုံးဖြစ်အောင်ရယ်လို့တော့
တည်ဆောက် ဖန်တီးယူနေကြတာပါပဲ
တခါ တရံ
ကံကြမ္မာရဲ့ စီရင်ချက်မှာ
ရွေးချယ်ပိုင်ခွင့် မရှိဘူး....။

ခါးမှန်းသိလျှက်လဲ
ကြိတ်မျိုလိုက်ရတာပဲ............။

                 အောင်ကောက်

သဲအိမ်ပျက်

မင်း+နဲ့- ငါ -----
တူနှစ်ကိုယ်တိုင်းပြည်မှာ
မေတ္တာနှင်း ဇာလွှာ အတူခြုံ
သံယောဇဉ် လွန်းမျှင်ကို
ခေါက်တုံ သွယ် ယှက်
ကရုဏာ ထီးကို
မငြိး မညူဆောင်း
ထိတ် လန့် အကြင်နာ
မိုးခြိမ်းသံ တွေကြားမှာ
သစ္စာသော့တွေနဲ့
ခိုင်မြဲ ချည်တွဲ အားခဲ ခဲ့ကြတာလေ....။

ခုတော့------
ရွေလင်ဗန်း ထ္မင်းဆီဆမ်းကို
အာသာငမ်းနေတဲ့ ကလေးလေးလို
သိုသိပ်မျှော်လင့်ခဲ့ရတဲ့
ငါ့ရဲ့......
မဟာရှင်သန်ခွင့်တွေကို
အားမနာ ပါးမနာ ရိုက်ချိုးသွားတာ
လူမသိသူမသိ
အရိုးခိုက်အောင်နာနေရပေါ့........။

                       အောင်ကောက်

ရသ သိဒ္ဒိ

နီသွေးနှင်းဆီ ရနံ့ကြည်လျှင်
မြင်သည်ခဏ အလွန်လှ၏.....။

ပန်းသီးကလေး ချိုပျံ့မွှေးကို
လွေးစဉ်ခဏ စွဲ ‘ရသ’ ပင်.......။

လိမ္မော်ဗွီဗွီ စတော်ဘယ်ရီကို
တစ်ချီကြိုက်မော့ ဘဝင်ပေါ့၏.....။

နှင်းဆီ,ပန်းသီး,
သစ်သီးဖျော်စုံ အဖုံဖုံထက်
သန့် ,သက်,တည်,အေး
နွေးထွေးလုံခြုံ
မေတ္တာဘုံထု
နှိုင်းတုမမြင်
အမေ့ရင်ခွင်သာ
အရာရာထက်၊အဘက်ဘက်မှ
ကြည် ,မြ ,မွှေး ,ချို
 ‘ရသ’ပို၏..............။

                                  အောင်ကောက်

ခန္တီပါရမီ

ကန်ရာကန်ချက် တံထွေးစက်တို့
ပက်လက်ငါ့ထံ လွင့်ဝဲပျံလည်း
ပြုံးဟန်မတွန့် နောက်မရွံ့ဘူး.....။

ကံကြမ္မာလှံ ဝဲပျံထိုထိုမိုးနှယ်ပြိုလည်
ပုန်းခိုတိမ်းရှောင် သွေးမကြောင်ခဲ့
စာမဖွဲ့ပါ အေးမေတ္တာဖြင့်
ပြုံးလျှက်သာကြိုပါမည်................။

                                 အောင်ကောက်

မွတ်သိပ်သူ

ချိုချိုလွင်လွင်
ယဉ်နဂိုလှ
သူမမျက်နှာ
ပန်းရုပ်လွှာလျှင်
ရင်မှာတွယ်မက်
အဖြေခက်ပြီ
သူသည်မသိ
လွမ်းသည့်ရင်ခွင်
သမင်လည်ပြန်
တစ်ဖန်စာနာ
ဖြေသာမည့်ဆေး
ပေးခွံ့ကြွေးပါ
ခွံ့ကြွေးပါ......။

           အောင်ကောက်.

သစ်လုံးတံတား

ရှင်သန်မှုတွေ ပြတ်ကျိုးပြီးဖြစ်တဲ့
ငါ့ ကျောပြင်တည့်တည့်ပေါ်က
ဖြတ်နင်း ကူးသွားကြပါ....။

ဟို..တစ်ဖက်မှာ
မင်းတို့ဖို့ စမ်းတွေရှိနေရဲ့
ပန်းတွေရှိနေရဲ့
ကြည်လင်ချိုမြမှုတွေဝေဆာနေလေရဲ့....။

ငါ့အတွက်တော့
ပီတိတွေပဲ
လှိုင်လှိုင်ကြီး ပွင့်ကျန်ရစ်ပါရစေ....။


                              အောင်ကောက်

တောင်ဝှေး

တိမ်တွေပျံတာ
ဘယ်နှစ်ကြိမ်စောင့်ကြည့်ခဲ့ဖူးပါသလဲ။

ဦးတည်ရာအတွက်
ဒီသမုဒ္ဒရာမှာ သံလိုက်အိမ်မြောင်လိုတယ်။

နဖူးပေါ် လက်တင်တဲ့အခါ
ကျောတစ်နေရာစာထက် ဘယ်သူပိုချမ်းသာသလဲ
ထိုင်မျှော်နေရုံနဲ့တော့
ဘယ်အရိပ်မှရောက်လာမှာမဟုတ်ဘူး..။

....ငှက်တွေမပျံသန်းချင်နေ
ဟင်းလင်းပြင်ကတော့ရှိမြဲ  ရှိမြဲ
ခုမှ...လွမ်းမနေနဲ့
တွေဝေတယ်ဆိုတာ
လမ်းမဲ့သူတွေရဲ့ တောင်ဝှေးပဲ.....။          ။

အောင်ကောက်

ဝဲထဲကတေး

ဒီ ၃၁ကြိုးက
ရစ်တွဲခိုင်မြဲလွန်းလှတယ်..

ရှင်းဖို့ကြိုးစားလေလေ ရှုပ်လေလေ

တုန်သံ ယဲ့ယဲ့နဲ့
တို့တွေ ငှက်တွေဟေ့ လို့
လှောင်ချိုင့်ထဲက အော်နေရတယ်.....။

                                  အောင်ကောက်

မြည်းစမ်းကြည့်ကြ

လူသားဆိုတာ........................
စာလုံးကြီးကြီးရေးပြချင်ကြတာ
ရင်သပ်ရှုမောဖွယ်ဖြစ်ကျန်ရစ်အောင်ထုဆစ်ထားခဲ့ချင်ကြတာဓမ္မတာပါ၊
ဒါပေမဲ့-----------------
စာလုံးမကြီးချင်နေပါစေ
လက်ရာမမြောက်ချင်နေပါစေ
အစီအစဉ်ကျချင်မှလည်းကျလိမ့်မယ်--
တွေးတတ်သလောက်သောအတွေး.......
မျက်လုံးတစ်စုံစာသောအမြင်
မိမိသိသလောက်သောဝေါဟာရတွေနဲ့ရေးမယ်
မသေမချင်းရေးမယ်...................
ဒါကို
နှလုံးသားရှိတဲ့သူတွေ
မြည်းစမ်းကြည့်ကြ...........။          ။

                       အောင်ကောက်